နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး(၃/၂၀၂၂) တက်ရောက်

နေပြည်တော်  ဩဂုတ် ၁၉

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားရာတွင်  နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဖိတ်ခေါ်ဆောင်ရွက်နိုင်ရေး၊ တွေ့ဆုံဆွေးနွေးပွဲများ၊ အသိပညာမျှဝေဆွေးနွေးပွဲများ၊ အစည်းအဝေးများ ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ပြည်တွင်းစီးပွားရေးကို အားပေးကူညီပြီး၊ နိုင်ငံအတွင်းထုတ်ကုန်များစွာ ထုတ်လုပ်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ဖို့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များကို ဖိတ်ခေါ်ခြင်း၊ ရှိပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေးကူညီခြင်းတို့ကို တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တက်ရောက်လာသူများအနေနဲ့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပါအဝင် ဆွေးနွေးအတည်ပြုမယ့် အကြောင်းအရာများကိုလည်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသည့် Myanmar New Power Motorcycle Co., Ltd. ၏ လုပ်ငန်းစီးပွားဖြစ် စတင်သည့်နေ့ သတ်မှတ်နိုင်ရေး ကိစ္စရပ်များ၊ နေပြည်တော်အတွင်း ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် နေပြည်တော် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှဇူလိုင်လ ၃၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်  နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက နေပြည်တော်အတွင်း ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)