လားရှိုး ဩဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဩဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်က လားရှိုးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ စာပေစကားဝိုင်း၊ စာအုပ်ပြပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိသည့် စာပေစကားဝိုင်းတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင် က “ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ လားရှိုးမြို့ရှိ Community Centre တွင် ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း” တို့ကိုဟောပြောဆွေးနွေးပြီး၊ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးဆန်းဝင်းသိန်း က “ ကျောင်းတွင် အပတ်စဉ်ပြုလုပ်လျက်ရှိသည့် စာပေစကားဝိုင်း ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့ဖတ်ရှုလေ့လာထားခဲ့ကြသည့် စာပေများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြပြီး သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)