ဒဂုံမြောက် ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်၊ ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးစုရပ်များတွင် ထပ်ဆောင်းကာကွယ်ဆေး (Booster)ထိုးနှံသူ(၈၉)ဦး၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျာင်းမှ ပထမအကြိမ် ထိုးနှံသူ ကျောင်းသားကျောင်းသူ (၃၆၅)ဦးနှင့် အဆိုပါကျောင်းများမှ ဒုတိယအကြိမ် ထိုးနှံသူ (၁၅)ဦးတို့အား (Sinopharm) ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ