တံတားဦး ဩဂုတ် ၁၉
တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်(၉)နာရီက ဇီးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြို့ဇော်ကိုကိုက ဒေသခံ ပြည်သူများ အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ဒါ့အပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း၊ မိမိတို့ ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ဆွေးနွေးပေးစေလိုကြောင်းပြောကြားပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦး၊ အဖွဲ့ဝင် ဦးရဲလင်းသူနှင့် ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ထွန်းထွန်းနိုင်တို့ လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်များက မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် လုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ ကို ဒေသခံပြည်သူများအား အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာအတွက် လိုအပ်သောအကြောင်းအရာများကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်