မိုင်းခုတ်မြို့၌ MCCT အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင်(၁၁၀)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၉၈)ဦးအား ထောက်ပံ့ငွေများပေးအပ်

မိုင်းခုတ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)အတွက် (Maternal and Child Cash Transfer-MCCT)အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း(၁၀၀၀)အတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများစားသုံးနိုင်စေရန်အတွက် ရည်ရွယ်ကာ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်(၁)လရှိသူအတွက် တစ်လလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် (၁၅၀၀၀)ကျပ်၊ ကိုယ်ဝန်နှစ်လရှိသူအတွက် တစ်လလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃၀၀၀၀)ကျပ်၊ ကိုယ်ဝန်သုံးလနှင့် အထက်ရှိသူအတွက် တစ်လျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် (၄၅၀၀၀)ကျပ်ကိုလည်းကောင်း၊ အသက်(၂)နှစ်အောက်ကလေးများအား တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် (၄၅၀၀၀)ကျပ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စုသုံးအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် (၁၁၀)ဦးအတွက် ထောက်ပံ့ငွေ(၄၈၄၅၀၀၀)ကျပ်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၉၈)ဦးအတွက် ထောက်ပံ့ငွေ(၄၁၈၅၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၉၀၃၀၀၀၀)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)