ပင်လောင်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အထက(၁) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အားကစားသမားများ အားကစားကွင်းတွင်းသို့နေရာယူပြီး ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အဖွင့်အမှာစကားပြောကြားခြင်း၊ အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်းနှင့် ကျောင်းသူလေးများက ပန်းဖွားအကဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘောလုံးသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ဘောလုံးပြိင်ပွဲအား ဆက်လက်ကျင်းပရာ အ-ထ-ကခွဲ ဝါလီဘောလုံးအသင်းက အ-ထ-က-၁ (ခ)ဘောလုံးအသင်းအား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြကြောင်း၊ ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း (၂၀)သင်း ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအား သြဂုတ်လ ၃၀ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ မိဘပြည်သူများ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)