မဟာအောင်မြေ ဩဂုတ် ၁၉
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်မှ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့(၁)သည် ရဲမွန်တောင်ရပ်ကွက်အတွင်း နယ်မြေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရဲမွန်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး ဦးဆောင်သောအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်း ဦးစီးသောအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား(၃၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် အကြမ်းဖက် အဖွဲ့အစည်းများကြောင့် ပြည်သူများ၊ ဝန်ထမ်းများ သေဆုံး/ဒဏ်ရာရခဲ့မှုများနှင့်ပတ်သက်၍လည်းကောင်း၊ အိမ်ထောင်စု၊ လူဦးရေပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ချပြရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အများပြည်သူလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေသတင်းများ၊ အကြမ်းဖက်မှု ဖြစ်စဉ်များအား လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးမှ ပန်းခင်းစီမံချက်ဆောင်ရွက်ရခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများအနေဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင်ကတ်ပြားများပြုလုပ်ရေးဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ မြို့နယ်ဒုတိယပညာရေးမှူးမှ ကျောင်းသား/ ကျောင်းသူများ ကျောင်းတက်ရောက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်မှုအခြေအနေများအား လည်းကောင်း၊ မြို့နယ် စည်ပင်သာယာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ လမ်း/ တံတားများ ကောင်းမွန်ရေး လုပ်ဆောင်ပေးရန် လိုအပ်သည့် အချက်များအားလည်းကောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး လိုင်းတာဝန်ခံမှ လျှပ်စစ်မီးလင်းရေးနှင့် ပြည်သူများ လျှပ်စစ်မီတာခပေးဆောင်နိုင်ရေးတို့အား လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ရပ်မိရပ်ဖများမှလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ရပ်မိရပ်ဖ၊ ရာအိမ်မှူးများမှ တင်ပြဆွေးနွေးသည့် ၅၉ လမ်း၊ ၃၉×၄၀ လမ်းကြားရှိ အမှတ်(၁) အလက(ခွဲ)ကျောင်းရှိ အန္တရာယ်ရှိ ပင်မ(၂)ထပ် ကျောင်းဆောင်(၁၀၀×၅၅)ပေအားလည်းကောင်း၊ ၃၉ လမ်း၊ ၅၉× သံလမ်းကြားရှိ ရေမြောင်းပိတ်ဆို့နေမှုအားလည်းကောင်း၊ အောင်စံရန်အေးဓမ္မာရုံ၌ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံနေမှုအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း