သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

သုံးခွ ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန် ရည်ရွယ်၍  ယနေ့နံနက် ()နာရီအချိန်က  စာရေးဆရာ ရွှေဒါးမောင်မြင့်ထွန်း ရေးသားသည့် "ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်းစာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး (Women Club) အဖွဲ့၀င် ဒေါ်စန်းစန်းမော်မှ "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စာပေသည် မကောင်းမေတ္တာ၊ ကောင်းရာကိုညွှန်ပြနိုင်ပါကြောင်း၊ စာဖတ်သူကို ဉာဏ်အလင်းရောင် ရအောင်ပေးဆောင်နိုင်ကြောင်း ပြောကြားသည်။ (Book Club) အဖွဲ့၀င် မလဲ့လဲ့အိမွန်က "ကျောင်းသားနှင့်အလိမ္မာ...အလိမ္မာစာမှာရှိ" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် အလိမ္မာစာမှာရှိ ဟူသောစကားပုံဆိုရိုးရှိပါကြောင်း၊ မိမိတို့ခန္ဓာကိုယ် ကြီးထွားသန်မာစေရန် အစာအာဟာရ စားသောက်မှီဝဲ ရသကဲ့သို့ အသိဉာဏ်ပညာရင့်ကျက်ပြီး ဗဟုသုတနှင့် စိတ်ခွန်အားများ တိုးပွားရန် စာများများဖတ်ဖို့လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ (Book club) အဖွဲ့၀င် မသင်းစုမွန်မှလည်း "စာအုပ်စာပေလူ့မိတ်ဆွေ" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူ့ဘ၀တွင် မိတ်ဆွေမရှိသော ဘ၀သည် အထီးကျန်ဆန်လွန်းလှကြောင်း၊ မိတ်ဆွေမရှိသောသူသည် ဘ၀တိုးတက်မှု အခွင့်အလမ်းနဲပါးသူနှင့် ဘ၀တက်လမ်းမရှိသောသူပင် ဖြစ်ပါကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းသည် စိတ်အချရဆုံးဖြစ်သည့်အပြင် စာကောင်းပေမွန်ဟူသော မိတ်ဆွေကောင်းသည်လည်း မိမိ၏ကိုယ်ပွားအဖြစ် အစဉ်ပေါင်းသင်း နိုင်ကြောင်းစသည့်  စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။

စည်သူလင်း (ပြန်/ဆက်)