မိတ္ထီလာ သြဂုတ် ၁၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် မိုးရာသီ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲက အဆိုပါသင်တန်းကျောင်းရှိ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း မိုးရာသီဘောလုံးပြိုင်ပွဲကို အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗန္ဓုလအသင်း၊ တပင်ရွှေထီးအသင်း၊ အလောင်းဘုရားအသင်း၊ ကနောင်အသင်း၊ ကျောင်းလက်ရွေးစင်အသင်း၊ နည်းပြ အသင်း၊ အနော်ရထာအသင်း၊ နဝဒေအသင်းစသည့် ပြိုင်ပွဲဝင်အသင်း ၈ သင်းနှင့် အမျိုးသမီးဘောလုံး ပြိုင်ပွဲဝင်တွင် ကိန္နရီအသင်း၊ သမ္ဘူလအသင်း၊ အမရာအသင်းစသည့် ပြိုင်ပွဲဝင်အသင်း ၃ သင်းတို့ဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ ပတ်လည်စနစ်ဖြင့် ကျင်းပလျက်ရှိရာ စတုတ္ထမြောက်နေ့အဖြစ် ကိန္နရီ အမျိုးသမီးအသင်းနှင့် သမ္ဘူလ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ တစ်ဘက်တစ်ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် သင်တန်းသား/သင်တန်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)