စဉ့်ကိုင် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက်(၁၁) နာရီက Woman Club အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ရှန်မြှင့်တင်ရေး၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲ၊ ပြပွဲများပြုလုပ်မည့် အစီအစဉ်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကျောင်းသား/ကျောင်းသူ လူငယ်၊လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာဗဟုသုတများ ရရှိစေရန် ကဗျာရွတ်၊ ပန်းချီပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေး ဟောပြောပွဲကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်နွယ်နွယ်စိုး (မြို့နယ်အမျိုးသမီးရေးရာ)က ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်ဦးရေ သတ်မှတ်ပြီးအကဲဖြတ် အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး ဒေါ်မီမီသိမ့် (Woman Club) အဖွဲ့ဝင်နှင့် တက်ရောက်လာသော စာပေချစ်သူများအဖွဲ့ကလည်း ဆုများပေးအပ်ချီးမြှင့်နိုင်ရေး၊ ကျောင်းများသို့ ဖိတ်ကြားရေးစသည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးမိုး(ပြန်/ဆက်)