က ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းဆောင် ရွက်မှုတို့ဖြင့်ယမန်နေ့ နံနက် ၁၁ အချိန်ကမြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ဟောပြောဆွေးနွေးရာမှာ လူငယ်တွေအတွက် ပညာရေးဟာ အဓိက ရည်မှန်းချက်ဖြစ်ပြီး လောကနီတိမှာတော့ လူတစ်ယောက်ရဲ့ဘဝကို (၃)ပိုင်း ခွဲခြား ထားပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာ ဆိုပြီးညွှန်းထားပါကြောင်း၊ ဒါကြောင့် ကလေးဘဝ ငါးနှစ်အရွယ် ကျောင်းစ နေချိန်ကနေ အသက် ၂၀/၂၅ နှစ်ကြားအထိက ပညာသင်ကြားချိန်ဖြစ်ကြောင်း၊ပညာဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ ကိန်းဂဏန်းဆိုင်ရာ အတွက်အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ ဆေးပညာ၊ အရောင်းအဝယ် ကုန်သွယ်ပညာစသဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်း၊လူငယ်ဘဝ ပညာသင် အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ ကိုက်ညီတဲ့ရည်မှန်းချက် ရှိရမှာဖြစ်ပြီး အဲ့ဒီရည်မှန်း ချက်ကိုလည်း ဆန္ဒာအဓိပတိထားပြီး ကြိုးစားရမှာဖြစ်ပါကြောင်း၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ အပျော်နောက်ကိုဘဲလိုက်နေရင် လူငယ်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးကုန်မှာဖြစ်လို့ တချို့လူငယ်တွေက ကိုယ့်ဘဝမှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက် ရှိပြီး တချို့ကတော့ ဘဝမှာရေရေရာရာ ရည်မှန်းချက် ဘာတစ်ခုမှ မရှိဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား နေကြတဲ့ လူငယ်တွေလည်းရှိကြကြောင်း၊ ရည်မှန်းချက်ရှိတဲ့သူတွေကတော့ ဘဝမှာ တိုးတက် အောင်မြင်သွားတာမျက်မြင်ပဲမို့ ရည်မှန်းချက်ထားပြီး ကြိုးစားကြစေလို့ကြောင်း၊ လူ့လောကမှာ စာတတ်ဖို့၊ ပညာတတ်ဖို့ အရေးကြီးပါကြောင်း၊ ပညာမရှိတဲ့သူနဲ့ ပညာရှိတဲ့သူ၊ ပညာနည်းတဲ့သူနဲ့ ဉာဏ်ပညာကြီးမားတဲ့သူတွေရဲ့ ဘဝအောင်မြင်မှုတွေဟာ မတူပါဘူး။ ဒီနေရာမှာ စာတတ်တာနဲ့ ပညာတတ်တာ မတူပါဘူး။ စာတတ်တယ်ဆိုတာ အတန်း အောင်တာ၊ ဘွဲ့တွေရတာ၊ ကျောင်းတွေပြီးတာမျိုးပေါ့။ ဒါကလည်း ဘဝအတွက် အရေးကြီး ပါတယ်။ စာတတ်ရင် တတ်သလောက်၊ ဘွဲ့တွေရရင် ရသလောက်၊ ဘဝမှာနေထိုင် ရပ်တည်မှု အဆင်ပြေမှာ ဖြစ်ကြောင်း၊ ဆရာဝန်၊ အင်ဂျင်နီယာတွေဖြစ်ရင် ပိုကောင်းတယ်။ ဘွဲ့တွေသုံးလေးခုရပြီး ပါမောက္ခတွေ၊ ပါရဂူကြီးတွေဖြစ်ရင် ကိုယ့်ဘဝအတွက်လည်း ကောင်းတယ်၊ နိုင်ငံတော်ကိုလည်း ပိုမိုအကျိုးပြုနိုင်မယ်။ ဒါ့ကြောင့် ကလေးတို့ဘဝမှာ ကျောင်းနေ၊ စာသင်၊ အတတ်ပညာ ဆည်းပူးကြဖို့ အဓိကအရေးကြီးပါတယ်။ ပထမ အရွယ်မှာ ပညာရှာဆိုတာ ဒါပါပဲ။ဘဝမှာ စာတတ်၊ အတန်းအောင်၊ ဘွဲ့ရရုံနဲ့ အလုံးစုံ ပြည့်စုံပြီလို့ မဆိုနိုင်ဘူး၊စာတတ်တာ ဘဝအတွက် လိုအပ်တယ်။ ကောင်းတယ်၊ မိမိဘဝအတွက် စားဝတ် နေရေး၊ အလုပ်အကိုင် စတာတွေမှာ အဆင့်မြင့်မြင့်နေသွားနိုင်အောင် အတတ်ပညာ လိုတယ်၊ အဓိကကျတယ်။ ဒါပေမဲ့ စာတတ်ရုံ၊ အတန်းအောင်ရုံနဲ့တော့ မလုံလောက်ပါဘူး။ ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် အဆင်ပြေပြေနေနိုင်ဖို့ အသိပညာ၊ ဗဟုသုတတွေ ပြည့်ဝဖို့လိုအပ်တယ်၊ အကျင့်စာရိတ္တကောင်းဖို့၊ အသက်အရွယ် အလိုက် လူမှုကျင့်ဝတ်တွေနဲ့အညီ နေနိုင်ဖို့၊ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရာမှ အဆင်ပြေစေဖို့ သိထားရမယ့်၊ ကျင့်ကြံရမယ့် အချက်တွေ အများကြီးရှိကြောင်း၊စဉ်းစားတွေးခေါ် ဆင်ခြင် တတ်ဖို့၊ အမှားအမှန်ခွဲခြားသိမြင်တတ်ဖို့၊ လုပ်သင့်တာလုပ်ပြီး မလုပ်သင့်တာမလုပ်ဖို့၊ဆောင်ရန် ရှောင်ရန်စတာတွေကို ဦးနှောက်နဲ့စဉ်းစား ဉာဏ်ပညာနဲ့ ချင့်ချိန်ဆုံးဖြတ်နိုင်ဖို့ အရေးကြီး ပါကြောင်း၊ အရာရာကိုစဉ်းစားတွေးခေါ်နိုင်တာ၊ ဉာဏ်ပညာနဲ့ ခွဲခြားသိမြင်နိုင်တာ၊ တီထွင် ဖန်တီးနိုင်တာ စတဲ့ ကောင်းတဲ့အချက်တွေ ဘဝအတွက် လိုအပ်ချက်တွေနဲ့ အရေးကြီးတာ တွေအတွက် ပညာတတ်ဖို့ အရေးကြီးပါကြောင်း၊ သားတို့သမီးတို့ကို စာတတ်အတန်းအောင် ဖို့ထက် ဗဟုသုတ အသိပညာတိုးတက်ဖို့၊ ပညာတတ်ဖို့ကိုပါ တိုက်တွန်းမှာကြားချင်ကြောင်း၊ လူငယ်တွေဆိုတာ နိုင်ငံရဲ့ အနာဂတ်ပါပဲ၊ မြေအုတ်တို့ပြိုလေရာ ကျောက်ဆစ် ကျောက်သားများနဲ့ တည်ဆောက်ကြမယ်ဆိုသလို အသက်အရွယ်ကြီးရင့်သူတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး နိုင်ငံ့တာဝန် ထမ်းဆောင်မဲ့သူတွေပြည်သူလူထုအကျိုး ဆောင်ရွက်မဲ့ သူတွေ ဖြစ်တဲ့အတွက် အသိဉာဏ်ပညာ ဗဟုသုတ ကြွယ်ဝဖို့ လိုအပ်ပါကြောင်း၊ ဘဝမှာ မသိတာတွေ အများကြီးရှိနေပင်မဲ့ မည်သူမျှ အလုံးစုံ အကုန်လုံး သိတယ်ဆိုတာ မရှိနိုင်ကြောင်း ဘဝမှာ အသက်ရှင်နေသရွေ့ မသေမချင်း ပညာကို လေ့လာဆည်းပူးသွားကြဖို့ တိုက်တွန်းချင် ပါကြောင်း၊ ပညာတွေကို ဘယ်တွေက ဆည်းပူးရနိုင်မလဲဆိုရင် စာအုပ်စာစောင်တွေ ဖတ်မယ်၊ လူကြီးသူမတွေ ပြောဆိုဆုံးမတာ နာယူမယ်၊ မိဘတွေ သွန်သင်ပြသတာ လိုက်နာမယ်၊ ဆရာဆရာမတွေ လမ်းညွှန်သင်ကြားတာကို နာယူမှတ်သားမယ်၊ TV ကြည့်မယ်၊ ရေဒီယို နားထောင်မယ် စသဖြင့် နည်းမျိုးစုံနဲ့ ရှာဖွေနိုင်ပါကြောင်း၊အကြံပေးလိုတာကတော့ ငယ်ရွယ်စဉ် ကတည်းက ဘဝမှာ ပြီးရင်ပြီးရော ဖြစ်သလို မနေကြဘဲ အသိပညာဗဟုသုတတိုးပွားအောင် ကျင့်ကြံပြီး ဘဝမှာ ရင့်ကျက်အောင်၊ လှလှပပ ရပ်တည်နိုင်အောင် ကြိုးစားသွားဖို့ ဆွေးနွေး ဟောပြောခဲ့ပြီး ကျန်ရှိသည့်ဌာနဆိုင်ရာများမှလည်း ဆက်လက်ဟောပြော ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)