မြစ်ကြီးနား ဩဂုတ် ၁၉
ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး (အမျိုးသမီး) သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး (အမျိုးသမီး) သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီအောင်က သင်တန်းကျောင်းဆိုင်ရာ သမိုင်းကြောင်းနှင့် သင်တန်းကျောင်း ဖွင့်လှစ်နေမှု အခြေအနေများ၊ ထူးချွန်ကျောင်းသူ မွေးထုတ်ပေး နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးဇော်ဟိန်းက “ကျန်းမာပျော်ရွှင် သာယာဖို့ စနစ်တကျ အမှိုက်စွန့်ပစ်စို့” ခေါင်းစဉ်ဖြင့် စွန့်ပစ်အမှိုက်အား စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် နောက်ဆက် တွဲဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အမှိုက်များအား အမျိုးအစားခွဲ၍ စနစ်တကျ စွန့်ပစ် ခြင်းဖြင့် ပတ်ဝန်းကျင်ရှိ လူနှင့်တိရိစ္ဆာန် ကွင်းဆက်အန္တရာယ် လျော့ချပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မဉ္ဇူက “ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လတ်တလောဖြစ်ပေါ်နေသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များမှာ လူတို့နေထိုင်မှုပုံစံ ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကာ ရာသီဥတု ပြောင်းလဲခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက တက်ရောက်လာသည့် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)