ညောင်ဦးမြို့နယ်အတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

ညောင်ဦး  ဩဂုတ်  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ်၊ တောင်ဇင်းအခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲမှာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူကြီးမျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်းတို့ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်ဇင်းတိုက်နယ်အတွင်းရှိ ကျေးရွာများဖြစ်သော တောင်ဇင်းရွာ၊ ကုန်းရွာ၊ စံပြကျေးရွာ၊ ထရိုင်းတော၊ မကျည်းစောက်၊ ကောင်းပင်စည်၊ ခွေးပြုတ်၊ ပနီတွင်း၊ ကန်ကျဲ၊ ညောင်လှ၊ ကွမ်းဖလား၊ ဘုန်းတော်၊ ထနောင်းစုကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ အဆောက်အဦ၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် မျိုးစေ့မျိုးသန့်များ ထောက်ပံ့နိုင်ရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသားကတ်များ ကွင်းဆင်းပြုလုပ်ပေးရေးတို့ကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ