နောင်တရား ဩဂုတ် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ကုန်စိမ်းသီးနှံအဖြစ် စိုက်ပျိုးသည့် ခရမ်းချဉ်သီးများ ဈေးပြန်လည်ကောင်းမွန်လာခြင်းကြောင့် ခရမ်းချဉ်သီးစိုက်တောင်သူများ စီးပွားရေးပြန်လည် အဆင်ပြေလာကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
“ယခင်နှစ်ခရမ်းချဉ်သီးတွေ ဈေးမရှိဘူး တစ်ပိဿာ ကျပ်၅၀မှ ၁၀၀ လောက်ဘဲရောင်းရတယ် ဒီနှစ်မှာ နှစ်ဦးပိုင်း ဈေးအနည်းနယ်ရှိပြီး မေ၊ ဇွန်၊ ဇူလိုင်လတွေမှ ထွက်တဲ့ခရမ်းချဉ်သီး တွေဈေးမရဘူး ယခုဩဂုတ်လမှထွက်တဲ့ ခရမ်းချဉ်သီးတွေ တစ်ပိဿာကို ကျပ် ၇၀၀မှ ၉၀၀ အထိ ဈေးပြန်ရနေပါပြီး စိုက်ပျိုးရေးစရိတ် ကုန်ကျမှုများလာတော့ ကုန်စိမ်းသီးနှံတွေ ဈေးနှုန်း မြင့်မြင့်နဲ့ ပုံသေဈေးနှုန်းလေးရရင်တော့ ကျွန်တော်တို့ စိုက်ပျိုးရေးတောင်သူတွေ ပုံအဆင် ပြေမှာပါ ဒါမှမဟုတ် စိုက်ပျိုးရေးစရိတ်ကျသွားအောင် မြေဩဇာတွေ ဈေးနှုန်းသက်သက် သာသာနဲ့ ဝယ်ယူရရင်လည်း အဆင်ပြေပါတယ်” ဟု ခရမ်းချဉ်စိုက် တောင်သူတစ်ဦးက ပြောသည်။
ခရမ်းချဉ်သီးများကို ပျိုးပင်မှ အသီးခူးစွတ်နိုင်သည်အထိ တစ်ဧကလျှင် ကျပ် သိန်း ၂၀ အထိ ကုန်ကျလျက်ရှိပြီး တစ်ဧကလျှင်၂၅၀အိတ်ခန့် ထွက်ရှိခြင်းကြောင့် တစ်ဧကလျှင် ကျပ်သိန်း ၅၀ အထိရရှိသည်။ ခရမ်းချဉ်သီး အနှိမ့်ဆုံးဈေး တစ်ပိဿာ ကျပ်၃၀၀ ရမှသာ အကျိုးအမြတ် အနည်းရရှိမည်ဖြစ်ပြီး ယခုပေါက်ဈေး ကျပ်၇၀၀မှ ၉၀၀အထိ ရရှိနေသည့်အတွက် ခရမ်းချဉ် စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်စိမ်းသီးနှံများကို အောင်ပန်းကုန်စည်ဒိုင်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ခွန်အောင်(နောင်တရား)