ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဆီဆိုင်   ဩဂုတ် ၁၉

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်အပြင် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ဆိုက်ခေါင်) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)မှ ကျောင်းအုပ်ကြီး ဦးခွန်အောင်မန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ် ဖြင့်လည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေး၍ မိမိတို့လေ့လာဖတ်ရှု မှတ်သားထားသည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)