တံတားဦး ဩဂုတ် ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံက်(၁၀)နာရီက ကျင်းပကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က မူးယစ်ဆေးဝါးသည် လူငယ်တို့၏အနာဂတ်ကို ဖျက်ဆီးနိုင်ကြောင်း၊ လူငယ်များသည် မူးယစ်ဆေးဝါးကို လက်တည့်မစမ်းစေလိုကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကိုတိုက်ဖျက်ရန် လူသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအမျိုးပေါင်း(၁၂၆)မျိုးရှိပြီး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပေါင်း(၁၁၆)မျိုးရှိပါကြောင်း မူးယစ်ဆေးသုံးစွဲရခြင်းမှာ စူးစမ်းလိုခြင်း စမ်းသပ်လိုခြင်း၊ မူးယစ်ဆေးစွဲသူ အပေါင်းအသင်းဆန္ဒကို မလွန်ဆန်နိုင်ခြင်း အထင်ကြီးအားကျမိခြင်း၊ ကျောင်းသားဘဝတွင် စိတ်လေလွင့်၍ အပေါင်းအသင်းများဆွဲဆောင်မှုကြောင့် ဆေးသုံးစွဲခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များမှာ စူးစမ်းလိုသောကြောင့်လည်းကောင်း၊ အပေါင်းအသင်းကြောင့်လည်းကောင်း၊ လူမှုရေးကိစ္စအဆင်မပြေသောကြောင့်လည်းကောင်း၊ မူးယစ်ဆေးကို စမ်းသပ်သုံးစွဲမိရာမှ ဆေးစွဲတတ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးကို မည်သည့်အချိန်အခါမျှ မသုံးစွဲကြရန်လိုကြောင်း ရှင်းလင်းပြောကြားကြောင်း သိရသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းနှင့်ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိက မိမိလေ့လာမှတ်သားထားသည်များကို ပြန်လည်ဖြေကြားပေးသည်။ အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/မများ တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်