မလှိုင် သြဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီး (၆)လပြည့် ပြီးသူများကို ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈) နာရီခွဲအချိန်တွင် ရွှေမုဋ္ဌောဘုရားကြီး၏ အနောက်ဘက် အာရုံခံတန်းဆောင်းအတွင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းများကို ထပ်ဆောင်း ကာကွယ်ဆေး(Booster Dose) ထိုးနှံပေး ခြင်းဖြစ်ပြီး ဆေးထိုးအဖွဲ့(၃)ဖွဲ့ဖြင့် (Myancopharm) အမျိုးအစား ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များက သွားရောက်အားပေးကြည့်ရှုအားပေးခဲ့ပြီး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါနေ့က မလှိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာစုစုပေါင်း (၂၄)ဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လျာထားဦးရေ (၁၀၀၀) ရှိသည့်အနက် (၆၆၀)ဦးကို ထိုးနှံနိုင်ခဲ့ပြီး ယခင်ထိုးနှံပြီးသူ (၁၁၀)ဦးအပါအဝင် စုစုပေါင်း(၇၇၀)ဦးရှိကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိ နေသည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)