သပိတ်ကျင်း သြဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာအခြေခံကောင်းများရရှိစေရေး စာပေဖတ်ရှုသည့်အလေ့ကျင့်ကောင်းများရရှိစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာပြည့်ဝသည့် လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းပိတ်ရက်များတွင် ပန်းချီဆွဲလေ့ကျင့်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ အားကစားနှင့်အခြားပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ကို မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ စာဖတ်ရှိန်မြှင့်တင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်၊ လူငယ်တွေအခြေခံကောင်းတွေရရှိစေဖို့ လေ့ကျင့်ပျိုးထောင်ပေးနေတာပါ၊ ဒီလိုလေ့ကျင့်မှုတွေ စဉ်ဆက်မပြတ်ရှိနေရင် “ပညာရဲရင့်ပွဲလယ်တင့်” ဆိုတဲ့စကားနဲ့အညီ ပညာပြည့်ဝနှလုံးလှတဲ့လူငယ်လေးတွေဖြစ်လာမှာပါ ဒါကြောင့် အခြေခံအုတ်မြစ်ကောင်းရရှိစေဖို့ စဉ်ဆက်မပြတ်လေ့ကျင့်ပေးနေတာဖြစ်ကြောင်း ဌာနတာဝန်ရှိသူတစ်ဦးမှ ရှင်းပြခဲ့သည်။
သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူ လူငယ်လူရွယ်များ စိတ်ဝင်စားစေမည့် ပုံပြင်စာအုပ်များ၊ ရွှေသွေး၊ တေဇ၊ ကာတွန်းစာအုပ်များ၊ စာစီစာကုံးစာအုပ်များ၊ သုတ၊ ရသစာအုပ်များထားရှိပေးရာ နေ့စဉ်လာရောက်ငှားရမ်း ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန် ဆက်)