ကျောက်မဲခရိုင်၊ Community Centre ခန်းမ၌ သမဝါယမအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ ‌ဩဂုတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ သမဝါယမအကြောင်းအသိပညာပေး  Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရီ က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ဒေါ်နှင်းရီကသမဝါယမ၏ ဆိုလိုရင်းအဓိပ္ပါယ်၊ သမဝါယမအသင်းဖွဲ့စည်းပုံ၊ သမဝါယမမှလုပ်ဆောင်သည့် စီးပွားရေးလုပ်ငန်းများ၊ သမဝါယမအသင်းတွင် ပါဝင်နိုင်သောသူများ အစရှိသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ရာ ကျောက်မဲမြို့နယ် သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သင်းသင်းစံက သမဝါယမဆိုသည်မှာ ဆန္ဒတူသူများစုပေါင်း၍ စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် စုဖွဲ့ထားသူများ၏ စီးပွားရေး လူမှုရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်လုံ့လ ဝိရိယစိုက်ထုတ်၍ လုပ်ကိုင်ကြခြင်းကိုဆိုလိုကြောင်း၊ သမဝါယမအသင်းဖွဲ့စည်းလိုလျင် ဆန္ဒအလျောက်ပူးပေါင်းလိုကြသူများသည် သမဝါယမအသင်း ဥပဒေအရ အနည်းဆုံးငါးဦးနှင့် အထက်ရှိလျင် သမဝါယမဦးစီးဌာနတွင် တင်ပြလျောက်ထားနိုင်ပြီး နိုင်ငံတော်မှချမှတ်ထားသော သမဝါယမအသင်း မှတ်ပုံတင်လက်မှတ်ကို တင်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင်သမဝါယမ အသင်းဖွဲ့စည်းလိုသူများ ကိုယ်တိုင်ရေးဆွဲထားသော အသင်းစည်းကမ်းနှင့်တကွ ချမှတ်ထားသောပုံစံ အချက်အလက်များကို ဖြည့်သွင်းပြီး ပြည့်စုံသည်ဆိုပါက သမဝါယမဦးစီးဌာနမှ အသင်းမှတ်ပုံတင်ချပေးမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းများသည် အသင်းအဖွဲ့စည်းကမ်းအရ မိမိတို့ကိုယ်တိုင်သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စီးပွားရေးလုပ်ငန်းများကို သမဝါယမဦးစီးဌာနမှပြဠာန်းထားသော တည်ဆဲဥပဒေနှင့်အညီ လုပ်ဆောင်နိုင်ကြောင်း၊ သမဝါယမအသင်းဝင်ဖြစ်ရန် အသက်၁၈နှစ်ပြည့်ပြီးသူ၊ အသင်းမှသတ်မှတ်ထားသော အစုတန်ဖိုးကို အချိန်မှီထည့်ဝင်နိုင်သူ၊ အသင်းစည်းကမ်းထပ်မံကန့်သတ်ထားသော ကန့်သတ်ချက်များနှင့်ကိုက်ညီသူ ဖြစ်ရန်လိုအပ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့်ချိတ်ဆက်၍ အသိပညာ‌ပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ ဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)