တောင်ကုတ်မြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးပြည်သူများသို့ အသိပေးနှိုးဆော်

တောင်ကုတ် ဩဂုတ် ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အခြေအနေနှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် ယနေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်အသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် (၆)နာရီအတွင်း ပိုမိုအားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ နောက် (၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိပြီးနောက် အနောက်မြောက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ် မြောက်ပိုင်းသို့ ဖြတ်ကျော်မည်ဟု ခန့်မှန်းထားသဖြင့် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းများ ကျစဉ်ရေပြင်၊ မြေပြင်လေသည် တစ်နာရီမိုင် (၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှ (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ကြောင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင် ကြပါရန် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်