လားရှိး ဩဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေးပေးဆောင်စေပြီး ဒေသအမှတ်သင်္ကေတ SHN ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိနေကြောင်း သိရသည်။
မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို စုပေါင်းအဖွဲ့ (OSS) စနစ်ဖြင့် ဩဂုတ်လ ၈ရက်နေ့မှ ၁၁ ရက်နေ့အထိ လားရှိုးကွန်ပျူတာတက္ကသိုလ်၊ဩဂုတ်လ ၁၂ရက်နေ့မှ ၁၅ ရက်နေ့အထိ လားရှိုး တက္ကသိုလ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ လားရှိုး ပညာရေးဒီဂရီကောလိပ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ လားရှိုးနည်းပညာတက္ကသိုလ်တို့တွင် ပြုလုပ်ပေးလျက်ရှိနေပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ၊ ဒေသခံပြည်သူများအား ဩဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်အထိ လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ ဝန်ထမ်းကတ် (မူရင်း/မိတ္တူ)၊ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက်၊ ကျောင်းသား/ ကျောင်းသူများဖြစ်ပါက မှတ်ပုံတင်(မူရင်း/မိတ္တူ)၊ ကျောင်းထောက်ခံစာ၊ ဒေသခံပြည်သူများ အနေဖြင့် မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ အိမ်ထောင်စုစာရင်း(မိတ္တူ) သို့မဟုတ် ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ စသည့် အထောက်အထားပါရှိလာရမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)