သံတွဲမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်

သံတွဲ ဩဂုတ် ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များအား ပြည်သူများအားသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခြင်းကို ယနေ့ညနေ ၄ နာရီက သံတွဲမြို့အတွင်း လှည့်လည်ဆော်ဩခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။     

ဆက်လက်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် နောက်(၂၄) နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ် ရောက်ရှိနိုင်သည့်အတွက် သံတွဲမြို့အတွင်းရှိ ပြည်သူများအားသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မိမိတို့ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေနှင့် နေထိုင်ရာအိမ်များ ကြံ့ခိုင်မှုရှိမရှိစစ်ဆေးခြင်း၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရေးလမ်းကြောင်းများနှင့် မိသားစု ဆုံရပ်တို့ကို  ကြိုတင်သတ်မှတ်ထားရေး၊ အရေးပေါ်သုံးပစ္စည်းများအား ရေစိုခံအိတ်ဖြင့် စုဆောင်းထည့်ထားရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရန်၊ ရှောင်ရန်အသိပေးချက်များကို လှည့်လည်ဆော်ဩပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

ခရိုင်ပြန်/ဆက်