မြစ်သား သြဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နည်းပြနှင့် ဒိုင်လူကြီး ဦးအေးချစ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပေးတတ်မှုရှိစေရန်၊ မြန်မာ့ရိုးရာခြင်းလုံးပညာကို မြတ်နိုးတန်ဖိုးထားတတ်သော မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သော ရိုးရာခြင်းလုံးပညာကိုလည်း ဆက်လက်ထိန်းသိမ်းတတ်စေရန် အတွက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဦးအေးချစ်က မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း စည်းမျဉ်း၊ စည်းကမ်းများ ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သြဂုတ်လ(၁၈)ရက်နေ့မှ စက်တင်ဘာလ (၁၇)ရက်နေ့ထိ အပတ်စဉ် ကျောင်းပိတ်ရက်များ၌ သင်တန်းကာလ(၁၀)ရက်ကြာ ခြင်းကြီး(၁၀)မျိုး၊ ခြင်းလတ်(၁၀)မျိုး၊ ခေတ်ဆန်းခြင်း(၁၀)မျိုး ခြင်းခတ်ကစားနည်းများကို သင်တန်းသား(၂၂)ဦးအား မြန်မာ့ရိုးရာခြင်းလုံးပညာရပ်များကို လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအောင် (မြစ်သား)