ကျောက်တလုံးကြီး ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပလတ်စတစ် သုံးစွဲမှုလျှော့ ချရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၉) နာရီ ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က ပလတ်စတစ်သည် မြေထု၊ ရေထု၊ လေထုကို ညစ်ညမ်းစေပြီး သဘာဝပတ်ဝန်ကျင်ကို ဆိုးရွာစွာထိခိုက်စေနိုင်သည့် အဆိပ်အတောက်များ ပါဝင် ကြောင်း၊ မြေကြီးထဲတွင် နှစ်ပေါင်း(၅၀၀)မှ (၁၀၀၀)ခန့်အထိ မပျက်စီးဘဲ တာရှည်ခံတည်ရှိ နေနိုင် ကြောင်း၊ထိုပြင် မြေဆီလွှာများ ပျက်စီးခြင်း၊ မြေဆီလွှာအတွင်းရှိ အပင်မျိုးစေ့ သစ်စေ့များ အညှောင့်မထွက်နိုင်တော့ဘဲ သေကြေပျက်စီးရသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ ပလတ်စတစ် ထုတ်လုပ်ရာတွင် အသုံးပြုသောကုန်ကြမ်းများသည် ရေနံစိမ်းမှ ထုတ်ယူခြင်းဖြစ်သောကြောင့် သဘာဝသယံဇာတကို ပြုန်းတီမှု ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပလတ်စတစ် များ ရေချောင်း၊ ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိသွားပါက ကမ္ဘာရေထုကို ညစ်ညမ်းစေသည့်အပြင် ရေနေသတ္တဝါများ ကျက်စားသည့် ဂေဟစနစ်ကိုဖျက်ဆီးကာ သတ္တဝါများ သေကြေပျက်စီးကြ ကြောင်း ထိုအတွက်ကြောင့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချ၍ အကြိမ်ကြိမ်အသုံးပြုနိုင်သော အဝတ် အိတ်များ၊ ထမင်းဗူးများ၊ထမင်းချိုင့်များ၊ မုန့်ဗူးများနှင့် တစ်ခါသုံးစက္ကူခွက်များကို အသုံးပြုသင့်ကြောင့် အကျယ် တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
စည်သူ(ပြန်/ဆက်)