လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

လှည်းကူး သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်တွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များ၌ ရေကန်၊ ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သော ခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊  ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်း ကာကွယ်ရေး အဘိတ်ဆေးများ ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)