မန္တလေး စက်တင်ဘာ ၁၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက် ၂၀၃၊ ၂၆ လမ်းနှင့် ၉၁ လမ်း၊ ချမ်းသာကြီး ဘုရားမြောက်ဘက်၊ ပွဲကုန်းရပ်တွင် ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်က ၅၄ သစ်စက်ဝင်းဟောင်းအတွင်းရှိ ၄ ခန်းတွဲ ဝန်ထမ်းလိုင်းခန်းတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေး သစ်စက်ဌာနရှိ ၄ ခန်းတွဲ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သော အစိုးရသစ်စက်လုပ်သား၏ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ကလေးငယ်များ ဂတ်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ အဝတ်အထည်နှင့် စောင်များအပေါ် မီးပွားကျပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ရာသို့ တိုင်းမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၇၅)ဦးတို့မှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၅) စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၅)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၁၁ နာရီ ၅ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အနံ ၁၅ ပေ၊ အလျား ၄၀ ပေရှိ အခန်း ၄ ခန်းတွဲ သွပ်မိုး၊ ထရံကာ နှစ်ထပ် အဆောက်အဦတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆစွာ သုံးစွဲသူအား အမှတ်(၅)မြို့မရဲစခန်းမှ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)