ဘူးသီးတောင် သြဂုတ် ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့မစည်ပင်သာယာစျေး၌ စျေးရောင်း/စျေးဝယ်လာသူများအား မုန်တိုင်းအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးငြိမ်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်တို့က ဘူးသီးတောင်မြို့နယ်မှ မြို့မစည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများအား ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေခြင်းနှင့်ပတ်သတ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်နှင့် ရေဘေးပညာပေးလက်ကမ်းစာစောင်(၂၅၀)ခန့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)