ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ကျောက်ဖြူ    ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ  ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်  မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက  မြို့ပေါ်ရပ်ကွက်များနှင့် မြစ်ဆိပ်များသို့သွားရောက်၍ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၈) ရက်၊ မြန်မာစံတော်ချိန် (၁၀;၃၀) နာရီအချိန် တိုင်းတာချက်များအရ ယမန်နေ့နံနက်မှ ယနေ့အတွင်း ကျောက်ဖြူမြို့နယ်တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ် နိုင်ပြီး လှိုင်းကြီးမည်ဖြစ်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) နှုန်းထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေအထိ ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကမ်းရိုးတန်းတစ်လျှောက်ရှိ ခရီးသည်တင်ယာဉ်များနှင့် ငါးဖမ်းလှေများအနေဖြင့် ရေလမ်းခရီးသွားလာခြင်းမပြုကြရန်၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင် စီမံထားရှိကြရန် စသည့်အသိပေးနှိုးဆော်မှုများ နှိုးဆော်ခဲ့ကြပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်နှင့် လေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ရေလမ်းခရီးသွားပြည်သူများနှင့် ရပ်ကွက်နေပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ခရိုင် ပြန်/ဆက်)