အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးများကို ယာယီပိတ်သွားမည်

မန္တလေး စက်တင်ဘာ ၁၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိမ်းချုပ်နိုင်ရန် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးများကို ယနေ့မှ စ၍ ယာယီပိတ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရ သည်။

"နေ့လယ်ပိုင်းက ဈေးဌာနကနေ လှမ်းပြီးတော့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးတွေ ကို ယနေ့ကစပြီး ယာယီပိတ်ဖို့ တရားဝင်အကြောင်းကြားပါတယ်။ ဒါကြောင့်မို့ ဈေးသူဈေးသားတွေ သိရှိနိုင်ဖို့ ကြေညာပြီးတော့ အသိပေးပြီးဖြစ်ပါတယ်။ တချို့ဆိုင်ရှင်တွေအနေနဲ့ ပစ္စည်းတွေ သယ်နိုင်အောင် ယမန်နေ့ညနေအထိ ပုံမှန်အတိုင်း ဖွင့်ပေးသွားမှာဖြစ်ပါတယ်။" ဟု အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေး အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးများ ယာယီပိတ်ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ လာခြင်းကြောင့်ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၌ နေထိုင်ပြီး မန်းမြန်မာပလာဇာ ပထမထပ်၌ အလှကုန်ပစ္စည်းများရောင်းချသူ အလှကုန် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး (Case-1974)၊ ယင်းနှင့် ထိတွေ့ဆက်စပ်သူ အမျိုးသမီးငါးဦးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေခြင်းလည်း တစ်စိတ်တစ်ဒေသ ပါဝင်နေကြောင်း ၎င်းက ဆက်ပြောသည်။

အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးများကို ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက်ဟုဆိုကာ မန္တလေးတိုင်းအစိုးရနှင့် မန္တလေးမြို့တော် စည်ပင်က ဈေးချိုတော်အား နှစ်လဝန်းကျင်ကြာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်