ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးချက်များအား အသိပေးနှိုးဆော်

ပုဏ္ဏားကျွန်း သြဂုတ် ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္က၏ ကြီးကြပ်မှုဖြင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့်ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်တစ်ခုဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့နေ့လယ်(၁၂)နာရီက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိသည်။

ထိုသို့ အသိပေးနိုးဆော်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သြဂုတ်လ(၁၈)ရက်၊ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီ အချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့်ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး၊ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖီအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် မြစ်ချောင်းအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)