ကျောက်တော် ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နေ့လည် ၁၂ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မိုးလေဝသဦးစီးဌာနမှ ထုတ်ပြန်ထားသော မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ သိသင့်သိထိုက်သော အချက်များအား မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်း တစ်ခု ဖြစ်ပေါ်လျက်ရှိပြီး လေပွေလှိုင်းသည် ပိုမိုအားကောင်းလာကာ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area )ရောက်ရှိလာနိုင်သည်ဟု ခန်းမှန်းရပါသဖြင့် မြန်မာကမ်းရိုးတန်းတစ်လျှေက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ၊လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ၊ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ် ၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး ၊ရေလျှံမှုများကို ကြိုတင်ပြင်ဆင် သတိပြုနေထိုင်ကြပါရန်နှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများ မြစ်ချောင်းပင်လယ်အတွင်းသို့ ထွက်ခွာခြင်း မပြုစေရေး စသည့်တို့ကို အသိပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း