ဥတ္တရသီရိမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

ဥတ္တရသီရိ ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။  

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အမှာစကားပြောကြားရာ လူကုန်ကူးမှုသည်လူသားအချင်းချင်း ရောင်းကုန်ပစ္စည်း သဖွယ်သဘောထားပြီး နှိပ်စက်ညှင်းပမ်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာပြုခြင်းများကြောင့် လူကုန်ကူးခံရသူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျင့်သိက္ခာနှင့် အသက်ခန္ဓာတို့ကို များစွာပျက်စီးစေသည့်အတွက် နိုင်ငံတော်အနေဖြင့် ၁၉၉၇ ခုနှစ်မှ စပြီး အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့်ချမှတ်၍ အချိန်အဟုန်မြှင့်တိုက်ဖျက် ဆောင်ရွက်လျက်ရှိ ကြောင်း ၂၀၀၅ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီးနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ အချိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကို ဗဟိုအဆင့်မှ မြို့နယ်အဆင့်ထိဖွဲ့စည်းခဲ့ပြီး ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေးအဖွဲ့များဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း အမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ရက်ရွာအခြေပြု လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ သင်တန်းသား/သင်တန်းသူ (၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)