ကျောက်ဖြူ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ယမန်နေ့ နံနက်(၁)နာရီအချိန်ခန့်မှစ၍ နံနက်(၅)ကျော်အချိန်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် မြို့ပေါ်ရပ်ကွက်များမှ စာသင်ကျောင်း အချို့မှာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပြီး ကျောင်းများပိတ်ထားခဲ့ရာ ယနေ့တွင် ရေများပြန်ကျသွား ပြီဖြစ်သဖြင့် ကျောင်းတွင်းစာသင်ခန်းများအတွင်းတင်ကျန်ရစ်သည့် ရွံ့နွံများနှင့် အမှိုက်များကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေးပြုလုပ်လျက်ရှိသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် အ.လ.က(၄) သန်ပန်ချောင်း၊ မူလွန်စေတီတောင်၊ အ.မ.က(အောက်ရွာ)နှင့် အ.လ.က(ကုလာဘာတောင်-မြို့)နှင့် အ.မ.က(အစိုးရ) ကျောင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက အဖွဲ့လေးဖွဲ့ခွဲ၍ ကျောင်းတွင်းစာသင်ခန်းများ အတွင်းတင်ကျန်ရစ်သည့် ရွံ့နွံများနှင့် အမှိုက်များကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း