မိုင်းနောင် သြဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ အဖက်ဖက်မှ ဘက်စုံထူးချွန်ဖွံဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မိုင်းနောင်မြို့ ခေတ္တအုပ်ချုပ်ရေးမှူး၊ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြား၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကျောင်းသားလူငယ်များ သိသင့်သည့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း၊ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လိုအပ်မည့်အချက်အလက်များ၊ မိုးတွင်းကာလတွင်ဖြစ်ပွားသောရောဂါများနှင့် ကာကွယ်ရေးနည်းလမ်းများ၊ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများအကြောင်း သိရှိရေးအတွက် စာပေများဖတ်ရှုလေ့လာရေးတို့ကို အသီးသီးရှင်းလင်းဟောပြောခဲ့ကာ မိုင်းနောင်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ဦးနှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ ကယ်ဆယ်ရေးဝတ်စုံဝတ်ဆင်ခြင်းများကို သရုပ်ပြဝတ်ဆင်ပြသခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲသို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ ကျန်းမာရေး၊ ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန၊ အား/ကာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အင်အား(၆၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)