မုဒုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးစကားဝိုင်းကျင်းပ

မုဒုံ သြဂုတ် ၁၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက  “ လူကုန်ကူးမှု တိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး ” ခေါင်းစဉ်ဖြင့် ပညာပေးစကားဝိုင်းကို ရှင်အရဟံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်စန္ဒာက ကမ္ဘာပေါ်မှာ အဖြစ်များနေသည့် လူကုန်ကူးမှုနှင့် ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ  ဗဟုသုတရရှိစေရန်နှင့်  လူကုန်ကူးမှုတိုက်ဖျက်ရေးကို အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်အတွက် စကားဝိုင်းကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စကားဝိုင်းတွင် အခြေခံပညာအထက်တန်းမှ ကျောင်းသားကျောင်းသူ ငါးဦးတို့က ဦးဆောင်ဆွေးနွေးခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားသူတစ်ဦးကို ပြည့်တန်ဆာစေခိုင်းခြင်း၊ အခြားကာမဆိုင်ရာ တစ်မျိုးမျိုးပြုခိုင်းခြင်း၊ အဓမ္မခိုင်းစေခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီးဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းအားထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည်တို့ကို ပြုလုပ်ရာမှ ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာကိုလည်ကောင်း၊ လက်ခံခြင်းသဘောတူခြင်း၊ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရင်းနှီးပြီး အခြားဒေသများ သို့သွားရောက်အလုပ်လုပ်ခြင်း တရားမဝင်သွားရောက်ခြင်းတို့သည် လူကုန်ကူးခံရနိုင်ဖွယ်ရှိကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များတွင်သာမက အမျိုးသားများလည်း လူကုန်ကူးခံနေရသောကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မိမိတို့တွင် တာဝန်ရှိပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအကြောင်းအရာများနှင့် လူကုန်ကူးမှုကိစ္စရပ်များကို သိရှိပါက ဆက်သွယ်ရမည့် အထူးဖုန်းလိုင်းများကို ပြောကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သားငယ် (မုဒုံ)