ဖားကန့် သြဂုတ် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာ ယာယီတိုက်ပွဲရှောင် ပြည်သူများသည် မြို့နယ်အတွင်း ကျေးရွာများရှိ ဘာသာရေး အဆောက်အအုံများ၊ အခြေခံပညာကျောင်းများတွင် ယာယီခိုလှုံရာ စခန်းများဖွင့်လှစ်၍ ခေတ္တနေထိုင်လျက် ရှိသည့် အိမ်ထောင်စု စုစုပေါင်း(၂၃၁၂)စုတို့အတွက် လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို ကူညီထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင် ပြည်သူများအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူများ ကူညီကယ်ဆယ်စောင့် ရှောက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် မြို့နယ်အဆင့်ကော်မတီများ ဖွဲ့စည်းပြီး သြဂုတ်(၁၅) ရက်နေ့က ရန်ပုံငွေရှာဖွေရေး ကော်မတီမှ လှူဒါန်းလက်ခံရရှိသည့် ငွေကျပ်သိန်း(၁၀၀)၊ ဦးအိုက်ရီ (Sky Hotel)မှ ငွေကျပ် (၁၀)သိန်း စုစုပေါင်း ငွေကျပ်သိန်း(၁၁၀)နှင့် ဒေါ်ဖြူဖြူသန့် (ရှင်းရီဟော်တယ်)က လှူဒါန်းသည့် ဆန်အိတ်(၁၀၀)အိတ်အား တိုက်ပွဲရှောင် ပြည်သူများ၏ ယာယီခိုလှုံရာစခန်း (၁၂)ခု သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လူတစ်ဦးလျှင် တစ်ပတ်စာဆန်ရိက္ခာဖိုး ငွေကျပ်(၂၁၀၀) နှုန်းဖြင့် လူဦးရေ (၂၃၁၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၄၈)သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီကြီးကြပ်မှု ကော်မတီက ခြုံစောင် (၃၉၄)ထည်၊ ခြင်ထောင် (၁၉၇)ခု၊ ပစ္စည်းအမျိုးအစား (၁၁)မျိုးပါ လူသုံးကုန်ပစ္စည်းဖာ (၁၉၇)ဖာ၊ အမျိုးသားတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း (၁၉၇)ဖာ၊ အမျိုးသမီးတစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်း (၁၉၇)ဖာ တို့ကိုလည်း နေရာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲရှောင် ပြည်သူများသည် တာမခန်ကျေးရွာရှိ အေဂျီ ဘုရားကျောင်း၊ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းများနှင့် အထက်တန်းကျောင်း၊ နမ့်ပါဟုတ်ကျေးရွာ နမ့်ခမ်းမူကြိုကျောင်း၊ ဟောင်ပါးကျေးရွာရှိ ဓမ္မသိရောမဏိ ဘုန်းတော်ကြီးကျောင်းနှင့် သီရိရတနာ ဘုန်းတော်ကြီးကျောင်းများ၊ နမ့်ရေတောင်ကျေးရွာ ဓမ္မသီတဘုန်းတော်ကြီးကျောင်း၊ နမ့်မဖြစ် ကျေးရွာ ဓမ္မပါလဓမ္မာရုံ၊ မှော်စီစာကျေးရွာ သီရိရတနာစိမ်းဓမ္မရိပ်သာ၊ ရွှေတောင်ကျော်ကျေးရွာ အလယ်တန်း ကျောင်း၊ ကွမ်းဟဲကျေးရွာ ဘုန်းကြီးကျောင်း၊ မမုံကျေးရွာ အထက်တန်းကျောင်းခွဲ၊ နမ့်ပင်းကျေးရွာ ပညာလင်္ကာရဘုန်းတော်ကြီးကျောင်းနှင့် ခိုမကျေးရွာ ဓမ္မရောင်ခြည် ဘုန်းကြီး ကျောင်းတို့တွင် အိမ်ထောင်စု ၅၄၅ စု၊ လူဦးရေ ၂၃၁၂ ဦး ယာယီခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)