မိုးညှင်းမြို့၌ ကဗျာရေးဖွဲ့နည်း အခြေခံသင်တန်း အောင်မြင်စွာပြီးမြောက်

မိုးညှင်း ဩဂုတ် ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြုလုပ်သည့် ကဗျာရေးဖွဲ့နည်း အခြေခံသင်တန်းကို ဩဂုတ်(၁၇)ရက် မွန်းလွဲ(၃)နာရီခွဲက အောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကဗျာရေးဖွဲ့နည်း အခြေခံသင်တန်းအား မိုးညှင်းမြို့နယ် စာရေးဆရာအသင်း အမှုဆောင် ဦးကျော်ကျော်ဝင်း‌၊ ကလောင်အမည်-ကျော့ဝင်း(မိုးညှင်း)က အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းရှိ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၃၀)ဦးအား ဇူလိုင်(၂၉)ရက်နေ့မှ ဩဂုတ်လ(၁၇)ရက်နေ့ထိ နေ့စဉ်ကျောင်းဖွင့်ရက်၏ နောက်ဆုံး အချိန်တွင် မြန်မာမှုကဗျာရေးစပ်နည်း အခြေခံနည်းစနစ်များအား သင်ကြားပို့ချ ပေးခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအနေဖြင့် အခြေခံပညာ အထက်တန်းကျောင်းများနှင့် ချိတ်ဆက်၍ မြန်မာကဗျာရေးဖွဲ့နည်း သင်တန်းများ ဆက်လက်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)