နမ့်စန်(တ) ဩဂုတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (နမ့်စန်)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်အောင်ဇော်ဝင်းက ကျောင်းသား၊ ကျောင်းသူများကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများ၊ စက်ဘီးစီးသူများ၊ လမ်းလျှောက်သူများနှင့် ဆိုင်ကယ်စီးသူများလိုက်နာရန် စည်းကမ်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်တိုက်မှုအမှား/အမှန် သရုပ်ပြဗီဒီယိုဖိုင်များနှင့် ယာဉ်စည်းကမ်းလိုက်နာရေး ပညာပေးဇာတ်လမ်းတိုများကို ပြသပေးခဲ့သည်။
ထို့နောက် ရဲအုပ်အောင်ဇော်ဝင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အထက(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)