ကျိုက်မရော သြဂုတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၁၆ ရက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ အတ္တရံမြစ်ရေ တက်လာသဖြင့် မြစ်ကမ်းနားဘေးရှိ နေအိမ်များနှင့် အနိမ့်ပိုင်းရပ် ကွက်များရှိ လူနေအိမ်များ၊ ကလိုင်းကျေးရွာ၊ ပက်ကလက် ကျောက်တောင်လမ်းမကြီးရှိ ရွှေ့ပြောင်းလုပ်သား နေအိမ်များသို့ ရေများဝင်ရောက်နစ်မြှပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်မြှပ်ခဲ့သည့် နေအိမ်များနှင့် ရွှေ့ပြောင်း ကျောက်မိုင်းလုပ်သား အိမ်ထောင်စု (၁၂)စု ၊ လူဦးရေ ကျား ၂၀ ဦး၊ မ ၂၇ဦး ၊ စုစုပေါင်း( ၄၇) ဦးတို့အား ယာယီ နေထိုင်ရန်အတွက် ကျိုက်မရောမြို့၊ စက်လမ်းဝရှိ ရသေ့တိုက်ကျောင်းသို့ ပြောင်းရွှေ့နေထိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မော်တော်ယာဉ်များ၊ လူမှုကယ်ဆယ်ရေးအသင်း အဖွဲပိုင်ယာဉ်များဖြင့် ယမန်နေ့ နေ့လည်ပိုင်းက သွားရောက်ကူညီ ပြောင်းရွှေ့ပေးခဲကြသည်။ ထို့ နောက် ရသေ့ကျောင်းရှိ ယာယီ ရေဘေးရှောင်ပြည်သူများနှင့် ကမ်းနားလမ်းရှိ ရေနစ်မြှပ်အိမ်များအား ကျိုက်မရော လူငယ်ပရဟိတလူငယ်များအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဆန်နှင့် သောက်ရေသန့်များ၊ စားသောက်ကုန်များကို သွားရောက် လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)