မိုင်းခုတ်မြို့၊ နောင်ပွန်းကျေးရွာရှိ စီးပွားဖြစ် ကြံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းခုတ် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံရှမ်းတိုင်းရင်းသားများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ နောင်ပွန်းကျေးရွာရှိ တောင်သူဦးစိုင်းအင်းတဖုန်း၏ စီးပွားဖြစ်စိုက်ပျိုးထားသော ကြံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကြံပင်များကို စတင်စိုက်ပျိုးရာတွင် နှစ်ပေပတ်လည်ကျင်းအတွင်း ကြံလေးဆစ်ပါလေးချာင်းစီဖြင့် တစ်ကျင်းနှင့် တစ်ကျင်းနှစ်ပေခြားကာ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးတစ်လအကြာတွင် စတင်အပင်ထွက်ရှိပြီး တစ်နှစ်ခန့်ကြာပါက ကြံရိုးများကို စတင်ခုတ်ယူကြောင်း၊ ထို့နောက် ကြံသကာအဖြစ် ကြိုချက်ကာတစ်ပိဿာလျှင် အနည်းဆုံး ၁၅၀၀ ကျပ်မှ အများဆုံး ၂၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ တစ်ဧကလျှင် ကြံသကာပိဿာချိန် ၃၀၀ မှ ၅၀၀ ကြား ထွက်ရှိကြောင်း ဦးစိုင်းအင်းတဖုန်းက ပြောသည်။

အဆိုပါ ကြံသကာများကို မိုင်းခုတ်မြို့အတွင်းသာမက မိုင်းဆတ်မြို့နှင့် ကျိုင်းတုံမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)