ရွာငံ၊ စက်တင်ဘာ ၁၂
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရ၍ တွက်ချေကိုက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံကာ တပိုင်တနိုင်မှသည် စီးပွားဖြစ် သီးနှံအမယ်မျိုးစုံ စိုက် ပျိုးကြရာ ယခုနှစ်တွင် ခရမ်းချဉ်သီးဈေးကွက်ကောင်းသောကြောင့် တောင်သူများ ဝင်ငွေတိုးလျက်ရှိကြသည်။ ခရမ်းချဉ်သီးနှံကို ရွာငံမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး အသုတ်လိုက်ခွဲ၍ စိုက်ပျိုးကြရာ ယခု မိုးသီးနှံသည် ယခင်နှစ်များထက် ဈေးကွက်ကောင်းလျက်ရှိသည်။
ခရမ်းချဉ်မျိုးများကို ဒေသနှင့်ကိုက်ညီသော ဩဘာကုမ္ပဏီထုတ်လုပ်သည့် ၉၀၉ မျိုးများကို အဓိက စိုက်ပျိုးကြသည်။ ပျိုးတစ်ထုတ်လျှင် ၁၁၀၀၀ ကျပ်ပေးရပြီး တစ်ဧကတွင် ပျိုးထုတ် ၆ ထုတ်ခန့် ပျိုးထောင်ရသည်။ ပျိုးသက်(၁)လသားအရွယ်တွင် စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးပြီး (၁)လခွဲသား အချိန်တွင် ခရမ်းချဉ်သီးများကို စတင်ခူးဆွတ်နိုင်သည်။ ခရမ်းချဉ်သီးများကို တစ်ပတ်ခြားတစ်ကြိမ် ဆွတ်ခူးရာ တစ်ရာသီလျှင် (၇)ကြိမ်ခန့်အထ ခူးနိုင်သည်။
စိုက်ပျိုးပုံစံပေါ်မူတည်၍ တစ်ဧကလျှင် အပင်ပေါင်း (၅၀၀၀)မှ(၇၀၀၀)ထောင်အထိ စိုက်ပျိုးကြသည်။ တစ်ပင်လျှင် ပျိုထောင်သည့် ရက်မှစ၍ အသီးဆွတ်ခူးပြီးသည်အထိ ကုန်ကျစရိတ် (၅၀၀)ကျပ်ခန့်ရှိပြီး အထွက်နှုန်းမှာအပင် ပြုစုမှုအလိုက် သုံးပိဿာခန့် ထွက်ရှိသည်။
ရွာငံမှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေး၊ ကျောက်မဲ၊ မြင်းခြံ၊ မိတ္ထီလာ၊ နေပြည်တော်၊ ရန်ကုန်၊ မုံရွာ၊ အောင်ပန်း စသော ပြည်တွင်းဈေးကွက်များသို့ ပွဲစားများမှတဆင့် တင်ပို့ရောင်းချရာ ယခုနှစ် ဈေးကွက်တွင် ခရမ်းချဉ်(၂၀) ပိဿာပါဝင်သည့် တစ်တာလျှင်(၃၀၀၀၀) ကျပ်မှ (၃၈၀၀၀)ကျပ်အထိ ရရှိသောကြောင့် ခရမ်းချဉ် စိုက်တောင်သူများ ဝင်ငွေတိုး၍ တွက်ချေကိုက် အဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။
ထွန်းထွန်းဝင်း၊ မြို့နယ်(ပြန်/ဆက်)