သာစည်မြို့နယ်တွင် မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုန်ဧက(၁၀၀)အတွက် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲနှင့် ဓာတ်မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြသ

သာစည် ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ဧကချင်း အထွက်နှုန်းကောင်းမွန်စေရေး အထူးဇုန်ဧက(၁၀၀)အတွက် တောင်သူများထံ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပြီး ဓာတ်မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြကို ယနေ့နံနက် ၈ နာရီက မကျီးကန်အုပ်စု ကွင်းအမှတ် ၁၈၀၀ ရှိ တောင်သူဦးဝင်းဌေး၏ ဝါစိုက်ကွင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်၊ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်စန္ဒာလင်းနှင့် တာဝန်ရှိသူများက ဝါစိုက်တစ်ဧကလျှင် ဓာတ်မြေဩဇာတစ်အိတ်နှုန်းဖြင့် တောင်သူများထံ ထောက်ပံ့ပေးအပ် သည်။ ထို့နောက် တက်ရောက်လာသူများက ဓာတ်မြေဩဇာလက်တွေ့ထည့်သွင်းပြသမှုကို ကြည့်ရှုလေ့လာကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဌေးဌေးက တောင်သူများ အကျိုးရှိစေရန် အထွက်ကောင်းမျိုးများအကြောင်း၊ အထွက်ကောင်းစေရန် ထောက်ပံ့ပေးမှုများ နှင့် စတင်စိုက်ပျိုးချိန်မှစ၍ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းစိုက်ပျိုးပြီး လက်တွေ့နည်းပညာပေးခြင်းများ၊ သင်တန်းပေးခြင်းများနှင့် ဓာတ်မြေဩဇာစနစ်တကျ ထည့်သွင်းခြင်းအကြောင်း စသည်ဖြင့် အထွက်နှုန်းကောင်းမွန်ရေးဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲနှင့် ဓာတ်မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများတက်ရောက်ကြကြောင်း သိရသည်။

ထွန်းထွန်း