ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မုံးကျွတ်ကျေးရွာနေ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မိုင်းတုံ ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဟွေအောကျေးရွာအုပ်စု မုံးကျွတ်ကျေးရွာနေ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက မုံးကျွတ်ကျေးရွာဆေးပေးခန်း၌ ပြုလုပ်ခဲ့‌သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မိုင်းတုံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ဩဂုတ်လ ၁၂‌ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်နေရာများ၊ ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ခဲ့ပြီးရေများ ပြန်လည်ကျဆင်းသွားချိန်မှစ၍ တင်ကျန်ရစ်ခဲ့သောအမှိုက်များ၊ ရွံ့နွံများရှင်းလင်းခြင်းနှင့် လမ်းများဆေးကြောဆောင်ရွက်နေမှု၊ ပျက်ဆီးသွား‌သောလမ်းများ၊ တံတားများကိုလည်း ပြည်သူများ ဆက်သွယ်သွားလာနိုင်ရန် ယာယီပြုပြင်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် ရှမ်း​​ပြည်နယ်အစိုးရအဖွဲ့က ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော ဟွေအောကျေးရွာအုပ်စု မုံးကျွတ်ကျေးရွာနေ ရေဘေးသင့်အိမ်ထောင်စု ၃၅ စုသို့ တစ်အိမ်ထောင်စုကို ခေါက်ဆွဲခြောက် ၁ဖာ၊ ကြက်ဥ ၃၀လုံး၊ ငါးသေတ္တာ ၆ ဗူး စီအားမိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးနှင့်အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျေးရွာအရောက်  သွားရောက်ထောက်ပံံ့ပေးခဲ့‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)