ရပ်စောက်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရပ်စောက် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာပိုင်စိုးမိုးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကြည်က သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု၏ အရေးပါပုံများကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား(၃၈၀)ဦး၊ ကျောင်းသူ(၄၀၄)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ(၇၈၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး သံချဆေးနှင့် ဗီတာမင်အေများတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

ရပ်စောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးအဖွဲ့များနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်း၊ သံချဆေးနှင့် ဗီတာမင်အေများတိုက်ကျွေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)