ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဟိုပန် ဩဂုတ် ၁၈

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများဘဝဖွ့ံဖြိုးတိုးတက်စေရေးနှင့် စာအုပ်၊ စာပေများအား လေ့လာဖတ်ရှု့မှုပိုမိုများပြားလာပြီး အသိပညာဗဟုသုတများရရှိကြစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒေါက်တာကျော်စိန်ရေးသားသည့် " ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ "စာအုပ်မှ"စေတနာ့ ဝန်ထမ်းလုပ်ငန်းများ"ခေါင်းစဉ်နှင့် "သင့်အလုပ်ကို အပြုသဘောအသုံးချပါ" ခေါင်းစဉ်များဖြင့် ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဟိုပန်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးက စာရေးဆရာ အရှင်ဇနကရေးသားသည့် "လူငယ်များ ဘဝရဲ့လက်တွဲဖော်ရွေးချယ်သောအခါနှင့် ဓမ္မ၊ ရသ၊ အတွေးအမြင်စာစုများ "စာအုပ်မှ" ချိုတဲ့အချစ်နှင့် ခါးတဲ့အချစ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ဇင်မာသက်ကဆောင်းပါးရှင် နီလာ(မဟာဝိဇ္ဇာ) ရေးသားသည့် "အမျိုးသမီးများနှင့် ကျားမတန်းတူညီမျှရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများက ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက် မှတ်တမ်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များအား စိတ်ဝင်တစားကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)