မအီမြို့တွင် ကျောင်းသား/ကျောင်းသူများအား သန်ကောင်ရောဂါ မဖြစ်ပွားစေရေး သန်ချဆေးများ တိုက်ကျွေးပေး      

မအီ ဩဂုတ် ၁၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အာဟာရ ရက်သတ္တပတ်အနေဖြင့် မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများအား  သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ဩဂုတ် လ(၁၆)ရက်နေ့ နံနက်ပိုင်းက မအီမြို့၊  အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသူ/ကျောင်းသားများအား တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သန်ချဆေးများ တိုက်ကျွေးပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မူလတန်းအရွယ်မှ အထက်တန်းအဆင့်အထိ တစ်ဦးချင်းစီသို့ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် သန်ချဆေးတိုက်ကျွေးပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သန်ချဆေးတိုက်ကျွေးခြင်းများကို သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းများက အာဟာရရက်သတ္တပတ်အနေဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မနက်ဖြန် ဖောင်းသောင်းကျေးရွာ မူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။

မောင်မောင်ဌေး(ပြန်/ဆက်)