တံတား ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန် စာဖတ်ရှိုန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို သိရှိနားလည်စေရန် ရည်ရွယ်၍ (Women Club) အဖွဲ့ဝင်များနှင့် (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသည့် “နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန် က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင် က “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် မြားကိုလေးပေါ်တင်ပြီး ပစ်လိုက်လျင် နောက်ကိုပြန်မလှည့်တော့ဘဲ တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ပြေးဘိ သကဲ့သို့ မိမိနှလုံးသားအဓိဌာန်က စိတ်အင်အားတည်းဟူသော လေးပေါ်သို့တင်ပြီး ပစ်လိုက်နိုင်ပါလျင် မည်မျှခက်ခဲသောအရာဖြစ်ပါစေ အောင်မြင်နိုင်မည်မှာ အမှန်ဖြစ်ပါကြောင်း၊ သို့သော် မည်သည့်ရည်မှန်းချက်စက်ဝန်းကို ပစ်မည်နည်းဆိုသည်မှာ အရေးကြီးလှကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင် ဦးဝေလင်းနိုင်မှ “ဖတ်ဖို့ကျင့်ဖို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Women Club) အဖွဲ့ဝင် ဒေါ်ကေဇင်ထွေးမှ “ခွန်အားစွမ်းပကားကြီးသောသူ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင် (တံတား)