လားရှိုး ဩဂုတ် ၁၈
၂၀၂၂ - ၂၀၂၃ ခု- ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အခမ်းအနားကို လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက လားရှိုးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လားရှိုးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ကြေးငွေကျပ်သိန်း နှစ်ထောင့်နှစ်ရာ ငါးဆယ့်ကိုးသိန်း ခြောက်သောင်းတိတိကို လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းမှ လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး ထံလွှဲပြောင်းပေးအပ်သည်။
ယင်းနောက် လာရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု (၆၂)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်မောင်စိုးတို့က ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
လားရှိုးမြို့နယ်အတွင်းတွင် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်(၁၅၃၀)ဦး၊ အသက်(၂)နှစ်အောက် ကလေး(၃၇၆၆)ဦး စုစုပေါင်း (၅၂၉၆)ဦးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)