တံတားဦး ဩဂုတ် ၁၈
တံတားဦးမြို့ခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ တံတားဦးမြို့အဝင် BOC ဂိတ်အနီးတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ကွင်းဆင်းစစ်ဆေးသည့်နေရာတွင် မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ် စီးနင်းလာသူများ လိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန်တပ်ဆင်စီးနင်းကြရန်နှင့် ၂၀၂၀-ပြည့်နှစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေအကြောင်းအရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပြီး ယာဉ်အန္တရာယ်ဖြစ်ပွားသည့် အကြောင်းအရင်းများမှာ ယာဉ်စည်းကမ်းလမ်းစည်းကို လိုက်နာမှုမရှိခြင်း ယာဉ်မောင်းနေစဉ်အတွင်း လက်ကိုင်ဖုန်းပြောခြင်းနှင့် အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်များတွင် နှစ်ဦးထက်ပိုစီးခြင်းတို့ကြောင့် ဖြစ်သည့်အတွက် မော်တော်ယာဉ် မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းလာသူများ အလေးထားလိုက်နာရန် လိုအပ်ကြောင်း သိရသည်။
ရဲတင့်