ရမည်းသင်း ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ဦးဆောင်၍ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ရမည်းသင်းမြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ရမည်းသင်းခရိုင်နှင့် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကာ ရှေးဦးစွာ ရမည်းသင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၁/၂၀၂၂)ဖြင့် ပြဋ္ဌာန်းထားသော လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၁၀(က)အရ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အဆိုပါ ပြဋ္ဌာန်းထားရှိသော ဥပဒေကို သိရှိနားလည်ကျွမ်းကျင်အောင် လေ့လာမှတ်သားကြပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း လူကုန်ကူးသူများ စိစစ်ဖော်ထုတ် ဖမ်းဆီးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီးအမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)ရဲအုပ် သက်ထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)ရဲအုပ် သက်ထွန်းအောင်ကလူကုန်ကူးမှု ဖြစ်ပေါ်လာရခြင်းနှင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ တရားမဝင် ရွှေ့ပြောင်းသွား လာမှုခြားနားချက်များ၊ ကမ္ဘာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူ၏ အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်နှင့် လူကုန်ကူးခံရသူများ၏ အရေးပါမှု၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှု ဖြစ်စဉ်(၃)ဆင့်နှင့် စိစစ်ဖော်ထုတ်ရေး ပုံစံများအသုံးပြုခြင်း၊ တွေ့ဆုံမေးမြန်းမှုပုံစံများ၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ တားဆီးနှိမ်နင်းခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်သေခံပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကာသင်တန်းသို့ ရမည်းသင်းမြို့နယ်နှင့်ပျော်ဘွယ်မြို့ယ်တို့မှ သင်တန်းသား၊ သင်တန်းသူ(၁၃၀) ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)